လေပြွန်ကျယ်တဲ့ လက္ခဏာတွေက ဘာတွေလဲ (Bronchiectasis)
လေပြွန်ကျယ်တယ်ဆိုတာ အဆုတ်ထဲက လေပြွန်တွေက ကျယ်လာပြီး အကျိအချွဲသလိပ်တွေ ပုံမှန်ထက်အများကြီး ပိုစုလာကာ ရောဂါပိုးတွေ ဝင်ရောက်နိုင်ခြေ ပိုများလာတဲ့ အခြေအနေပါ။ ရောဂါပိုးတွေ ဝင်ရောက်လာတဲ့အခါ လေပြွန်နံရံတွေ ပိုမိုပျက်စီးပြီး အချွဲတွေပိုမိုစုကာ သံသရာလည်နေပြီး အဆုတ်နဲ့လေပြွန်တွေ နာတာရှည်ပျက်စီးလာစေပါတယ်။
ဘာကြောင့် လေပြွန်တွေ ကျယ်လာတာလဲ?
- အရင်က နမိုးနီးယားအဆုတ်ယောင်ရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ စတဲ့ရောဂါတွေ ဖြစ်ဖူးပြီး လေပြွန်တွေ ပျက်စီးသွားတာ
- ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်ကို ပြန်တိုက်တဲ့ Autoimmune Diseases လို့ခေါ်တဲ့ ရောခါအခံကြောင့် ရောဂါပိုးမကြာခဏဝင်ပြီး လေပြွန်တွေ ပျက်စီးသွားတာ
- အသက်ရှူလမ်းကြောင်းထဲ ရောက်လာတဲ့ Fungus မှိုတစ်မျိုးနဲ့ ဓာတ်မတည့်မှုကြောင့် လေပြွန်တွေ ယောင်ရမ်းပြီး ပျက်စီးစေတဲ့ Aspergillosis လို့ခေါ်တဲ့ရောဂါဖြစ်တာတွေကြောင့် လေပြွန်ကျယ်လာတတ်ပါတယ်။
- အကြောင်းရင်းမသိရဘဲ လေပြွန်ကျယ်လာတာမျိုးလည်း ရှိပြီး Idiopathic Bronchiectasis လို့ ခေါ်ပါတယ်။
ရောဂါလက္ခဏာတွေအနေနဲ့…
- နာတာရှည်ချောင်းဆိုးပြီး သလိပ်ပါတာ (လချီနှစ်ချီ ကြာတတ်ပါတယ်)
- သလိပ်ထဲ သွေးပါတာ
- ရင်ဘတ်အောင့်တာ
- အသက်ရှူကြပ်တာ
- အသက်ရှူရင် ရွှီရွှီသံမြည်တာတွေ ဖြစ်တတ်ပြီး ရောဂါပိုးဝင်လာရင်တော့
- အဖျားတက်တာ
- မောပန်းအားအင်ကုန်ခမ်းတာတွေပါ ဖြစ်နိုင်ပါတယ်။
တစ်ခုသိထားဖို့က လေပြွန်ကျယ်တာဟာ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။
ဘယ်လို ကုသမလဲ?
ပျက်စီးသွားပြီး ကျယ်သွားတဲ့ လေပြွန်တွေကတော့ ပုံမှန်ပြန်မဖြစ်နိုင်တော့ပါဘူး။ နောက်ထပ်မပျက်စီးအောင်နဲ့ ရောဂါလက္ခဏာတွေ သက်သာအောင်သာ ပြုလုပ်နိုင်ပါတယ်။
- သလိပ်တွေထွက်ပြီး အသက်ရှူလမ်းကြောင်းရှင်းစေမယ့် အသက်ရှူလေ့ကျင့်ခန်းတွေ လုပ်တာ
- အဆုတ်ထဲမှာ လေဝင်လေထွက်ကောင်းစေမယ့် ဆေးတွေ၊ သလိပ်ပျော်ဆေးတွေ ပေးတာ
- သင့်တော်တဲ့ ပိုးသတ်ဆေးပေးတာတွေက ရောဂါလက္ခဏာတွေကို သက်သာစေမှာပါ။
နောက်ဆက်တွဲဆိုးကျိုးဖြစ်တာ ရှားပါပေးမယ့် ချောင်းဆိုးရခြင်းကြောင့် အဆုတ်ထဲက သွေးကြောပေါက်ပြီး ချောင်းဆိုးရင် သွေးအများကြီးပါလာတာမျိုး ဖြစ်နိုင်ပြီး အသက်အန္တရာယ်စိုးရိမ်ရတတ်ပါတယ်။
ရောဂါလက္ခဏာ အရမ်းပြင်းထန်ရင်လည်း ချွဲတွေက အသက်ရှူလမ်းကြောင်းကို ရုတ်တရက် ပိတ်ဆို့တာမျိုးကြောင့် သေဆုံးနိုင်ပါတယ်။
လေပြွန်ကျယ်တဲ့ရောဂါရှိနေတာက စိတ်ရှုပ်ပြီး စိတ်ဖိစီးစရာပေမယ့် ပုံမှန် လေ့ကျင့်ခန်းလုပ်တာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ ဆေးလိပ်ဖြတ်တာ၊ ရာသီအကူးအပြောင်းမှာ အအေးမမိအောင် ဂရုစိုက်တာတွေက သက်တမ်းစေ့နေနိုင်စေမှာပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်